ကြည့်မြင်တိုင် အောက်တိုဘာ ၉
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ဗဟိုစံပြငါးဈေးတွင် ဈေးရောင်း၊ ဈေးဝယ် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဈေးရောင်း၊ ဈေးဝယ်ခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ ကော်မတီဝင်(၄) ဒေါ်သန်းမြင့်အောင်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ရင်၊ အနောက်ပိုင်းခရိုင်စျေးများ ဌာနမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဆရာမများ၊ စျေးများဌာန ဒုတိယဌာနမှူးနှင့် မြို့နယ်စည်ပင်သာယာရေးဝန်ထမ်း များနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဗဟိုစံပြငါးစျေး၊ ကမ်းနားစျေး နှင့် ကြက်၊ ဘဲဒိုင်တို့အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဈေးရောင်း၊ ဈေးဝယ်ခြင်း ရှိ၊ မရှိ ဈေးအတွင်း သို့ လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်ချက်များကို တာဝန်ရှိသူများက အကြံပြုပြောကြား ခဲ့ကြောင်း သိရသည်။
ထို့နောက် အဆိုပါအဖွဲ့မှ စျေးရောင်း၊ စျေးဝယ်များ mask တပ်ဆင်ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လိုအပ်ချက်များ၊ အားနည်းချက်များကို အမြန်ဆုံး ဆောင်ရွက်ရန်၊ ၎င်းစျေးနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများမှ အမြန်ဆုံးညှိနှိုင်း၍ ရောဂါကာကွယ်ရေးလုပ်ငန်း ထိထိရောက်ရောက်ဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့ ကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)