လားရှိုးမြို့ နတလသင်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲပြုလုပ် လားရှိုး ဇွန် ၁၇ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးနှင့် လားရှိုးမ

လားရှိုး ဇွန် ၁၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးနှင့် လားရှိုးမြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၈)နာရီအချိန်က လားရှိုးမြို့နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းခန်းမတွင်  ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ လားရှိုးမြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ် ဦးဆန်းဝင်းသိန်းက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ မူးယစ်ဆေးဝါးဆိုးကျိုးများနှင့် လားရှိုး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဆောင်ရွက်နေသည့် အသိပညာပေးလုပ်ငန်းများအကြောင်းကို ဟောပြောသည်။

ဆက်လက်၍ မြန်မာနိုင်ငံစာရေးဆရာအသင်း လားရှိုးမြို့နယ်ဥက္ကဋ္ဌ  စာရေးဆရာ ကောင်းညွန့်ဝေ (ရေစကြို) က  “မူးယစ်ကင်းစင် မြူမတင်၊  ဖြူစင်လှပလူ့ဘဝ” ခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို  ကျောင်းသား၊ကျောင်းသူများအား ဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ လားရှိုးမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ အထက်တန်း၊ အလယ်တန်း ကျောင်သား၊ ကျောင်းသူပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဟောပြောပွဲအပြီးတွင် လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလူငယ်၊ လူရွယ်လေးများ စာပေအသိပညာဗဟုသုတများ ရရှိစေရန် ခင်းကျင်း ပြသထားသည့် သုတ၊ ရသစာအုပ်စာစောင်များအား စိတ်ဝင်တစား လေ့လာဖတ်ရှုကာ ငှားရမ်းခဲ့ကြကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်