ဝမ်းတွင်းမြို့နယ် Community Centre ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ နံရံကပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲများ ကျင်းပ

ဝမ်းတွင်း ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် Community Centre ခန်းမ၌  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ကျပန်းစကားပြော ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ နံရံကပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲများကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လိန်းဘူလေးက အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမြစောက လူငယ်လူရွယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ အမှားနှင့် အမှန်ကို ဝေဖန်ပိုင်းခြားတက်စေရန်၊ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများနှင့် ကျောင်းစာအပြင် အခြားသော ဗဟုသုတများ တိုးပွားစေရန် ပြပွဲများကို ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲကို ကျင်းပခဲ့ရာ  ကျောင်းသားကျောင်းသူလေးများက လူငယ်နှင့် မူးယစ်ဆေး၊ မူးယစ်ဆေးစွဲခြင်းအစ ဆေးလိပ်က၊ အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့ စသည့်ခေါင်းစဥ်များနှင့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူများအား တာဝန်ခံ ကျောင်းအုပ်ဆရာကြီး ဦးသန်းဆောင်၊ ဦးစီးအရာရှိ ဒေါ်မူမြစောနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ နံရံကပ်စာစောင်ပြပွဲ နှင့် ဓါတ်ပုံပြပွဲသို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လိန်းဘူလေးနှင့် အဖွဲ့ဝင်များ၊ အခြေခံပညာအထက်တန်းကျောင်း (သဲတော)၊ အခြေခံ ပညာအထက်တန်းကျောင်း (သဲတော-ဝမ်းတွင်း) ကျောင်းများမှ တာဝန်ခံ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပြီး  အခမ်းအနားအပြီးတွင် ခင်းကျင်းပြသထားသော နံရံကပ်ပြဘုတ်များ၊ ဓါတ်ပုံပြဘုတ်များအား စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)