ဒလ ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် အစိုးရပါဋ္ဌိ ပထမပြန်စာမေးပွဲအောင် ရဟန်း၊သာမဏေများအား ဘွဲ့လက်မှတ်နှင့်၀တ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့နေ့လည် (၁)နာရီအချိန်က ကမာကဆစ်ရပ်ကွက်ရှိ အလယ်ကျောင်း ပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တက်ရောက်လာသည့် ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ကြပြီး ဆရာတော် အရှင်သူမြတ်များက ပရိတ်တရားတော်များ ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘုရားထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊အမျိုးသမီးရေးရာအဖွဲ့၊ မြို့မိမြို့ဖများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက အစိုးရပါဋ္ဌိပထမပြန် စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသည့် ရဟန်း၊ သာမဏေ(၂၄)ပါးအား ဘွဲ့လက်မှတ်နှင့်ဝတ္ထုငွေများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ပင့်သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြကာ လှူဒါန်းမှုအစုစု အတွက်ရေစက် သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။
မြင့်ဇော်(ပြန်/ဆက်)