ဟိုပုံး ဇွန် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူများပူးပေါင်းပါဝင်လာစေရေးနှင့် မိမိပတ်ဝန်းကျင်ကို စုပေါင်းထိန်းသိမ်းဆောင်ရွက်လိုစိတ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီအချိန်က လုံခုတ်ကျေးရွာအုပ်စု၊ တပ်မတော် ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းရှေ့တွင် ပြုလုပ်သည်။
စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်က သစ်ပင်စိုက်ပျိုးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြာရာတွင် ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ဖို့၊ သစ်တောသယံဇာတများ ရေရှည် တည်တံ့စေဖို့၊ ဂေဟစနစ်ထိန်းသိမ်းနိုင်ဖို့၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများမှာ ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေဖို့နဲ့ အင်းလေးကန်ရေဝေရေလဲဒေသတွင် သစ်တောများ ပြန်လည် ဖြစ်ထွန်းလာစေဖို့ပြုလုပ်ရခြင်းဖြစ်ကြောင်းဖြစ်ရသည်။ ထို့နောက် စိုက်ပျိုးမည့် ပျိုးပင်များအား တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးခွန်ကောင်းချစ်ထွန်းကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်က မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းက လုံခုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးခွန်မြမောင်နှင့် ဒေသခံ ပြည်သူများကို လည်းကောင်းအသီးသီးပေးအပ်ခဲ့သည်။
ဆက်လက်၍ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့၊ ဒေသခံ ပြည်သူများက စိန်ပန်းနီ(၂၁၆)ပင်၊ ချယ်ရီပင်(၂၆၂)ပင်၊ ခါတော်မှီ(၂၆၆)ပင်၊ စိန်ပန်းပြာ(၂၈၂)ပင်၊ ထင်းရှူး(၃၂၉)ပင် စုစုပေါင်း (၁၄၀၀)ပင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။ အဆိုပါစုပေါင်း သစ်ပင်စိုက်ပျိုးနေမှုအား တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)