ဗုဒ္ဓဘာသာအဆင့်မြင့်ယဉ်ကျေးမှုသင်တန်း အမှတ်စဥ်(၁၁) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန် ဇွန် ၁၇

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးဖွင့်လှစ်သည့် ဗုဒ္ဓဘာသာအဆင့်မြင့် ယဉ်ကျေးမှုသင်တန်းအမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက စေတီတော် ရင်ပြင်အရှေ့ဘက်ရှိ ရေကြည်တော်ဝတ်အသင်းတန်ဆောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဆုထူးပန်အဘိဓမ္မာပြန့်ပွားရေးအသင်းမှ သင်တန်းနည်းပြ မဟာသဒ္ဓမ္မဇောတိကဓဇဆရာကြီး ဦးဟန်နှင့်နည်းပြဆရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ ဦးမျိုးအောင်ဌေးက သင်တန်းပြီးမြောက် အောင်မြင်မှုဝမ်းမြောက်ကြောင်း စကားအားလည်းကောင်း၊ သင်တန်းနည်းပြ မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာကြီးဦးဟန်က သင်တန်းသင်ကြားပြီးစီးမှုနှင့် ပတ်သက်၍ လည်းကောင်းအသီးသီး ပြောကြားကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက သင်တန်းနည်းပြဆရာကြီး၊ ဆရာမကြီးတို့အား ဂါရဝပြုလက်ဆောင်များပေးအပ်ပြီး ဆုရသင်တန်းသားများအတွက် ပထမဆု ကျပ်ငါးသောင်း၊ ဒုတိယဆု ကျပ်‌လေးသောင်း၊ တတိယဆု ကျပ်သုံးသောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် သင်တန်းသားများကိုယ်စား ဆုရသင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဗုဒ္ဓဘာသာအဆင့်မြင့် ယဉ်ကျေးမှုသင်တန်းများကို ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံးဝန်ထမ်းများ၊ စေတီတော်ကြီး၏ ဝေယျာဝစ္စလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထေရဝါဒဗုဒ္ဓဘာသာ ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့်အညီ ဆောင်ရွက်နိုင်စေရန်နှင့် အများပြည်သူနှင့် ဆက်ဆံပြောဆိုဆက်ဆံရာတွင် ကိုယ်၊ နှုတ်၊ နှလုံး ယဉ်ကျေးသိမ်မွေ့စေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယခုအမှတ်စဉ်(၁၁)တွင် စေတနာကောင်းလျှင် ကံကောင်းမည်ခေါင်းစဉ်ဖြင့် ၅-၆-၂၀၂၃ နေ့မှ ၁၆-၆-၂၀၂၃ နေ့အထိဖွင့်လှစ် သင်ကြားခဲ့ခြင်းဖြစ်ပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာ‌တော်ထိန်းဂေါပကအဖွဲ့ရုံးမှ ဝန်ထမ်း ၂၉ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)