သီပေါ အောက်တိုဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု စာရေး ဝန်ထမ်းများအား ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃နာရီ အချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးက ၂၀၂၀ ပြည့်နှစ်၊ နိုင်ဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့ တာဝန်ကျရာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်း တာဝန်များကို ရုံးဖွင့်ရက်တွင် သာမက (စနေ၊ တနင်္ဂနွေ) ရုံးပိတ်ရက်များတွင်လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းတာဝန်များကို ကြိုစားဆောင်ရွက်မှုအပေါ် အသိအမှတ်ပြုသောအားဖြင့် နိုင်ငံတော်မှ ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် သီပေါမြို့နယ်အတွင်း ရပ်ကွက်(၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၆၇)အုပ်စုရှိ စာရေးဝန်ထမ်းများအား နိုင်ငံတော်မှချီးမြှင့်ထောက်ပံ့ငွေ တစ်ဦးလျှင် ကျပ်(၁)သိန်းနှုန်းဖြင့် စာရေးဝန်ထမ်း(၇၈)ဦးအတွက် စုစုပေါင်းချီးမြှင့် ထောက်ပံ့ငွေကျပ်(၇၈)သိန်းအား သီပေါမြို့နယ် အုပ်ချုပ်ရေးမှူးက စာရေးဝန်ထမ်းများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)