ညောင်ရွှေ ဇွန် ၁၇
အခြေခံပညာကျောင်းသားလူငယ်လေးများ စကားပြောစွမ်းရည်မြင့်မားလာစေရန်၊ လူထုပရိသတ်ရှေ့မောက် ပြောဆိုဆွေးနွေးတက်စေရန်၊ တိုင်ပင်ဆွေးနွေးခြင်း အလေ့အထကောင်းများ ရရှိလာစေရန်၊ စာပေလေ့လာဖတ်ရှု၍ ရရှိလာသည့် အသိပညာဗဟုသုတများကို ပြန်လည်မျှဝေတတ်စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်ခြင်း အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရာမဝင်ရောင်းဝယ်မှု တိုက်ဖက်ရေးနေ့ အထိမ်းအမှတ်အကြို လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဇွန်(၁၆)ရက် နံနက်(၁၀)နာရီခွဲက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းဝင်းက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က လူငယ်စကားဝိုင်း ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား ခဲ့သည်။
ထို့နောက် Grade-11 ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့် မောင်ပေါ်ဦးမောင်၊ မောင်ဇော်မင်းထွေး၊ မမြင့်မြတ်ကျော်ကျော်နှင့် မစိုးမြတ်နိုးတို့က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်း၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာရမည့်အချက်များ၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးနှင့် ကျောင်းသားလူငယ်များ အခန်းကဏ္ဍစသည့် အကြောင်းအရာများကိုစကားဝိုင်းဖွဲ့ မေးမြန်းဖြေကြားခြင်း၊ ရှင်းလင်းဆွေးနွေးခြင်း ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ