တပ်ကုန်း ဇွန် ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရှောက်ကုန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျေးရွာအထက်တန်းကျောင်း(ခွဲ)၊ ထွန်းသစ္စာဆောင်တွင် ကျင်းပသည်။
အဆိုပါဟောပြောပွဲတွင် ရှောက်ကုန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်း အုပ်ဆရာမကြီး ဒေါ်အေးမူထွန်းက အဖွင့်အမှာစကားပြောကြားပြီးနောက် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းအရင်းများ၊ မူးယစ်အန္တရာယ်ကင်းစင်ရေး ကျောင်းသားလူငယ်များ လိုက်နာရမည့်အချက်များ၊ မူးယစ်ဆေးဝါးကြောင့် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင် ရာဆိုးကျိုးများအား “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်လင်းထွန်းက လူငယ်များ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေဖို့ မိမိတို့ဝါသနာပါရာ အားကစားနည်းများဖြင့် ကိုယ်လက်လှုပ်ရှား ကစားသည့် အလေ့အကျင့်များရရှိစေရန်နှင့် မူးယစ်ဆေးဝါးဆိုးကျိုးများအား “လူငယ်နှင့် အားကစား၊ မူးယစ်ဆေးဝါးတို့ရှောင်ရှား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book-Club)အဖွဲ့ဝင် ဒေါ်သင်းသင်းလှိုင်(သင်းသင်းလှိုင်-တပ်ကုန်း)က တစ်ကိုယ်ရေသန့်ရှင်းရေး၊ လူငယ်နှင့်မူးယစ်ဆေးဝါးကင်းဝေးစေရန် “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။
ထို့နောက်တက်ရောက်လာသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိနှင့်ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီးနောက် လူငယ်ရေးရာစာအုပ်ပြပွဲနှင့် မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုခဲ့ကြောင်း သိရ သည်။
တင်စိုးလွင်