မိုခါမုန်တိုင်းသဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးရန်ပုံငွေ ဘောလုံးပြိုင်ပွဲကျင်းပ

တာမွေ ဇွန် ၁

မိုခါမုန်တိုင်း သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သောဒေသများ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ကူညီနိုင်ရန်အတွက် အနုပညာရှင်များ၊ အတတ်ပညာရှင်များ၊ နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများ ပူးပေါင်း၍ ရန်ပုံငွေဘောလုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၃)နာရီအချိန်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏအားကစားကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဦးဌေးအောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးမျာ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ Forever Group မှတာဝန်ရှိသူများ၊ မြန်မာ့လက်ရွေးစင် အားကစားသမားများနှင့် ဘောလုံးဝါဿနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ရန်ပုံငွေဘောလုံးပြိုင်ပွဲတွင် အဖွင့်ပွဲစဉ်အဖြစ် ရုပ်ရှင်ဘောလုံးအသင်း (MOVIE FC)နှင့် Forever FC ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရုပ်ရှင်ဘောလုံးအသင်း (MOVIE FC)က FOREVER FC ဘောလုံးအသင်းကို ၂-၁ ဖြင့်အနိုင်ရခဲ့ပြီး ဒုတိယပွဲစဉ်တွင် ဂီတဘောလုံးအသင်း (MUSIC FC)က ညွန့်ပေါင်းဘောလုံးအသင်း (OLD STAR FC) ကို ၄-၁ ဖြင့် အနိုင်ရခဲ့သည်။ အဆိုပါ မိုခါရန်ပုံငွေ ဘောလုံးပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည့် ရုပ်ရှင်ဘောလုံးအသင်း (MOVIE FC) နှင့် ဂီတဘောလုံးအသင်း (MUSIC FC) အသင်းတို့၏ ဗိုလ်လုပွဲ ပွဲစဉ်ကိုလည်းကောင်း၊ FOREVER FC ဘောလုံးအသင်းနှင့် ညွန့်ပေါင်းဘောလုံးအသင်း (OLD STAR FC) တို့၏ တတိယနေရာလုပွဲ ပွဲစဉ်များကို ဇွန်လ(၁၇)ရက်နေ့ မွန်းလွဲ(၃)နာရီမှ စတင်ကာကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပွဲစဉ်များမကျင်းပမီ မွန်းလွဲ ()နာရီမှစတင်၍ အနုပညာရှင်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေသွားမည် ဖြစ်ကြောင်းနှင့် အဆိုပါရန်ပုံငွေဘောလုံးပြိုင်ပွဲမှ ရရှိသော ရန်ပုံငွေများအား မိုခါမုန်တိုင်းဒဏ်သင့်ဒေသများပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)