ကွတ်ခိုင် ဇွန် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူ လူငယ်များ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာဟောပြောပွဲနှင့် ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲပိုင်း (၃:၃၀)အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးဝင်းက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဆက်လက်ဟောပြောရာတွင် လူငယ်နှင့်ရည်မှန်းချက်၊ “စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြ၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာရိတ္တ” စသည့်ခေါင်းစဉ်များဖြင့် လူငယ်များ ရှင်းလင်းနားလည်လွယ်အောင် ဥပမာ၊ သာဓကများဖြင့် ဟောပြောခဲ့ကြောင်းနှင့် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ ဦးစီးအရာရှိ ဒေါ်ဌေးဌေးဝင်းက ပြန်လည်ဖြေကြားပေးခဲ့သည်။ ထို့နောက်ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်မြင့်မားလာစေမည့် ပြိုင်ပွဲများဖြစ်သည့် စကားပုံဆက်ပြိုင်ပွဲ၊ ပဟေဠိဉာဏ်စမ်းပြိုင်ပွဲနှင့် အင်္ဂလိပ်စာလုံးဆက်ပြိုင်ပွဲတို့ကို ပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာ ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် မုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ ပြည်သူများ စာအုပ်စာပေချစ်မြတ်နိုးတတ်လာစေရန်၊ စာဖတ်ရှိန် မြင့်မားလာစေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး တိုးတက်လာစေရန်ရည်ရွယ်၍ ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲ၊ စာဖတ်ဝိုင်းတို့ကို ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချစ်မျိုးဦး(ကွတ်ခိုင်)