မတ္တရာ၊ အောက်တိုဘာ ၉
ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မန္တလေးတိုင်းဒေသကြီးအတွင်းသို့ စစ်ကိုင်းတိုင်းဒေသကြီးဘက်မှ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့ရှိ စစ်ဆေးရေးစခန်းတွင် Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို ယမန်နေ့က ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာတွင် မတ္တရာမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ စစ်ဆေးဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးဘက်မှ မန္တလေးတိုင်းဒေသကြီးဘက်သို့ ဝင်ရောက်လာပြီး မန္တလေးမြို့ တွင်းသို့ ဖြတ်သန်းဝင်ရောက်မည့် ကုန်တင်ယာဉ်(၁၀၁)စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက် (၁၆၈) ဦးအားစစ်ဆေးခဲ့ရာ အဖြေအားလုံးမှာ (Negative) ရောဂါပိုးမရှိကြောင်း စစ်ဆေးတွေ့ ရှိရသည့်အတွက် ဆက်လက်ထွက်ခွာခွင့်ပြုခဲ့ကြောင်း သိရသည်။
ထို့သို့ စစ်ဆေးရေးစခန်း၌ ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ရာတွင် မတ္တရာမြို့နယ် ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မိုးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်လွင်ထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ် ချုပ်ရေးမှူးများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)