ကွတ်ခိုင် ဇွန် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်အဖြစ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို အ.လ.က(၃)ကျောင်းတွင် ယနေ့နံနက်လည်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ကွတ်ခိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး အရာရှိ ဒေါ်ဌေးဌေးဝင်းက ကျောင်းသား၊ကျောင်းသူများအနေဖြင့် လူငယ်တွေအတွက် ပညာရေး သည် အဓိကရည်မှန်းချက်ဖြစ်ပြီး၊ လောကနီတိတွင် လူတစ်ယောက်၏ဘဝကို (၃)ပိုင်းခွဲခြားထားကာ လူငယ် တစ်ယောက် အနေဖြင့် ပထမအရွယ်မှာ ပညာကိုရှာရမည်ဖြစ်သည်၊ ပညာဟုဆိုရာတွင် စာပေသာမက အသိပညာ၊ အတတ်ပညာနှင့် အခြားသော လောကအတတ်ပညာများကို ဆိုလိုသည် ဟူ၍ "လူငယ်နှင့်ရည်မှန်းချက်" အကြောင်း၊ လူ့လောကတွင် စာတတ်ဖို့၊ ပညာတတ်ဖို့ အရေးကြီးပြီး၊ စာတတ်ရင် တတ်သလောက် ဘဝမှာနေထိုင်ရပ်တည်မှု အဆင်ပြေမှာ ဖြစ်တယ်၊သို့သော် ဘဝတွင် စာတတ်၊ အတန်းအောင်၊ ဘွဲ့ရရုံနဲ့ အလုံးစုံ ပြည့်စုံပြီလို့ မဆိုနိုင်ဘူး စာတတ်တာ ဘဝအတွက် လိုအပ်တယ်၊ သို့သော် ဘဝတစ်လျှောက်လုံး ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည် အဆင်ပြေပြေ နေနိုင်ဖို့အသိပညာ၊ ဗဟုသုတတွေ ပြည့်ဝဖို့ လိုအပ်ကြောင်းစာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြရမည်ဟု ပြောကြားသွားသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းကြရာ ဦးစီးအရာရှိဒေါ်ဌေးဌေးဝင်းက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ အသိပညာပေးဟောပြောပွဲများဆောင်ရွက်ခြင်းမှာ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်နှင့် စာအုပ်စာပေများအား လေ့လာဖတ်ရှုမှု အလေ့အထ ဖြစ်လာကြစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)