တာမိုးညဲ ဇွန် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ တာမိုးညဲမြို့တွင် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေး ပိုးလောက်လမ်းသေဆေး (Abate) ဆေးခတ်ခြင်း လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာကျောင်းများ၊ မူကြိုကျောင်းနှင့် ဘာသာရေးကျောင်းများတွင် ဆောင်ရွက်ခဲ့ကြသည်။
မိုးရာသီ၌ ကလေးများတွင် အဖြစ်များသောသွေးလွန်တုပ်ကွေးရောဂါမှ ကြိုတင်ကာကွယ်ရေးနှင့် ငှက်ဖျားရောဂါမှ ကင်းဝေးစေရန်အတွက် ပိုးလောက်လမ်းသေဆေး (Abate) ဆေးခတ်ခြင်းကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဌေး၊ တာမိုးညဲ တိုက်နယ် ဆေးရုံမှ တာဝန်ခံဆရာဝန် ဒေါက်တာရဲလင်းကျော်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဖြူစင်မေတ္တာ နာရေးကူညီမှုအသင်းမှ အသင်းသားများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းများရှိ ရေလှောင် ကန်များ၊ ရေကန်ကြီးများ၊ အုတ်ကန်များအား (Abate)ဆေးခတ် ခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တာမိုးညဲ တိုက်နယ်ကျန်းမားရေးဌာနမှ ရပ်ကွက်၊ ကျေးရွာများသို့ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်(Abate) ဆေးခတ်ခြင်းလုပ်ငန်များအား ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
တာမိုးညဲ(ပြန်/ဆက်)