သာကေတ ဇွန် ၁၆
ကျောင်းသား၊ ကျောင်းသူများ၏ကာယ၊ ဥာဏ၊ စာရိတ္တကောင်းမွန်စေရေးနှင့် ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း၊အောင်ဆန်းခန်းမ၌ ကျင်းပသည်။
အဆိုပါဟောပြောပွဲတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဆရာမဒေါ်နုနုရှိန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မို့မို့သူက လူငယ်ရေးရာဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးညွန့်ဝင်းက ကျန်းမာပျော်ရွှင်နေကြဖို့ မူးယစ်ဆေးဝါးရှောင်ရှားကြစို့ခေါင်းစဥ်ဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ရရှိသည့် ဆိုးကျိုးများအကြောင်းဟောပြောခြင်း၊ မြို့နယ်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစိစစ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်၀င်းရတနာဦးက လူငယ်လူရွယ်များအတွက် သိသင့်သိထိုက်သော အကြောင်းအရာများနှင့် ကလေးအလုပ်သမားဥပဒေအကြောင်း ဟောပြောခြင်း၊ မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသန်းထိုက်မှလူငယ်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအကြောင်း သိကောင်းစရာများနှင့် လူငယ်များစာဖတ်ကြရေးတို့ကို အသိပညာပေးဟောပြောသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကအပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်ထုတ်ဝေထားသည့် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသားများကို ဖြန့်ဝေပေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ကလည်းပြသထားသည့် မူးယစ်အန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကို ကြည့် ရှု့လေ့လာခဲ့ကြကြောင်းလည်း သိရသည်။
မို့မို့သူ(ပြန်/ ဆက်)