နမ့်ခမ်း ဇွန် ၁၆
ကျောင်းသားလူငယ်များအား မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်းကို သိရှိပြီး ရှောင်ရှားနိုင်စေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့နေ့လယ် (၁၃)နာရီအချိန်က နမ့်ခမ်းမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း (ဟိုနောင်)တွင် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာဝင်း အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း (ဟိုနောင်)၏ Grade-(11) (A) ခန်းအတွင်းရှိ ကျောင်းသားလူငယ်များကို မူးယစ်ဆေးဝါး၏ ဆိုးကျိုးများနှင့် မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အဓိကအကြောင်းအရင်းများကို ထပ်ဆင့်အသိပညာပေးဟောပြောခဲ့ပြီး ဝန်ထမ်းများက သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒများ၊ ဆောင်းပါး၊ ကာတွန်းနှင့် ကဗျာများကို ဖတ်ရှုပြီး ကျောင်းသားလူငယ်များ လိုက်နာရန်နှင့် ရှောင်ရှားရမည့် အချက်များ ပါဝင်ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် အဖွဲ့သည် Grade-(11) (B) ခန်းနှင့် (C) ခန်းများရှိ ကျောင်းသားလူငယ်များကို ထပ်ဆင့်အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြပြီး သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းနှင့် နမ့်ခမ်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသားလူငယ်များ၏ လက်ဝယ်အရောက် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
နမ့်ခမ်း(ပြန်/ဆက်)