နမ္မတူ ဇွန် ၁၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က အမှတ်(၉) အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ရှေ့ဦးစွာ အမှတ် (၉) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ဇင်နွယ်ဦးက အမှာစကား ပြောကြားပြီး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသိန်းဟန်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လေပြင်းဘေး၊ မိုးကြိုးဘေးနှင့်မြေပြိုဘေးနှင့် ပတ်သက်သည့် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာနမှ ထုတ်ဝေသည့် ဘေး (၈) မျိုး အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင် (၅၀)စောင်အား ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသိန်းဟန်ထံက သိရသည်။
လူမော် (ပြန်/ဆက်)