ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဒေသဆန်ဖူလုံရေးအတွက် မျိုးစပါးနှင့် ယူရီးယားမြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ

လောက်ကိုင် ဇွန် ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ မန်တုံပါးကျေးရွာအုပ်စု မန်ကျူးကျေးရွာနေ တောင်သူများအား ဒေသဆန်ဖူလုံရေးအတွက် မျိုးစပါးနှင့် ယူရီးယားမြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေမှ အဖွင့်အမှာစကားပြောကြားပြီး ‌ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်ဝင်းမှ စပါး၊ နေကြာသီးနှံ၊ ဟင်းသီး/ဟင်းရွက်မျိုးစေ့နှင့် ယူရီးယားဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ရသည့် ရည်ရွယ်ချက်များ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ ဆက်လက်ပြီး  စပါးမျိုးစေ့ (၇၄)အိတ်၊ နေကြာမျိုးစေ့ (၃၀)အိတ်၊ ယူရီးယားဓါတ်မြေဩဇာ (၁၁၁)အိတ်နှင့် သီးနှံမျိုးစေ့(၇၀)ထုပ်တို့ကို မန်ကျူးကျေးရွာနေ တောင်သူများ၏ လက်ဝယ်အရောက် အခမဲ့ပေးအပ်ခဲ့သည်။  ထို့နောက် မန်ကျူးကျေးရွာနေ တောင်သူတစ်ဦးမှလည်း ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ အတွင်းရေးမှူး  ဦးမိုးဇော်လတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်ဝင်း၊ မြို့နယ်စိုက်ပျိုး ရေးဦးစီးမှူး ဦးမိုးမင်းစိုးနှင့် ဝန်ထမ်းများ၊ ဒေသ/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မန်ကျူးကျေးရွာ တောင်သူများ စုစုပေါင်းအင်အား (၂၀၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ညိုညိုဝင်း( လောက်ကိုင် )