ကျောက်ဆည် ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ညောင်ရွေကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း သပြေအဆောင်အစည်းအဝေးခန်းမတွင် ဇွန်(၁၆)ရက် နံနက်(၁၀)နာရီက ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသန်းက ကျောင်သား/ ကျောင်းသူများအနေဖြင့် ကျောင်းသင်ခန်းစာအပြင် ပြင်ပဗဟုသုတများ ပြည့်ဝစေရေး ကြိုးစားသွားကြရေး အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက မူးယစ်ဆေးဝါးအစ ဆေးလိပ်က ဆိုသည့်အတိုင်း ဆေးလိပ်များ မသောက်ကြရန်နှင့် မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ ရုပ်ပိုင်ဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး သုံးစွဲသူဘဝ မရောက်ရှိရန် မူးယစ်ဆေးဝါး သုံးစွဲသူများနှင့် မိတ်ဖွဲ့ခြင်းကို ရှောင်ကြည်ရေးနှင့် မူးယစ်ဆေးဝါး အန္တရာယ်အား အမျိုးသားရေး တာဝန်အဖြစ် ဝိုင်းဝန်းကာကွယ်ပူးပေါင်း ဆောင်ရွက်ကြရန် စသည့်အကြာင်းများအား ဟောပြောခဲ့သည်။
ထို့နောက် ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက မူးယစ်ဆေးဝါး သုံးစွဲသူများအနေဖြင့် စိတ်ဓာတ်ကျခြင့်း မှတ်ဉာဏ်ချို့ယွင်းခြင်း၊ ထုံနာကျင်နာ၊ အကြောသေရောဂါ၊ ဝက်ရူးပြန်ရောဂါများနှင့် ခန္ဓာကိုယ်တွင် အနာရောဂါပေါက်ခြင်းများဖြစ်တတ်သည့်အတွက် မူးယစ်ဆေးဝါးများကို မသုံးစွဲကြရန် အသိပညာပေး ဟောပြောခဲ့ပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သက်မောင်