ချမ်းအေးသာစံ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြိုတင်ဆန္ဒမဲပုံးများအား ချိတ်ပိတ်

မန္တလေး အောက်တိုဘာလ ၉

ချမ်းအေးသာစံ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြိုတင်ဆန္ဒမဲပုံးများအား ချိတ်ပိတ်ခြင်းကို ယမန်နေ့ ညနေ ၃နာရီက အဆိုပါရုံးတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ကြိုတင်ဆန္ဒမဲပုံးများအား ချိတ်ပိတ်ခြင်းကို မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဒေါ်သင်းနွဲ့နွဲ့ဖေ၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါက်တာမြတ်သစ်နှင့် ကော်မရှင် အဖွဲ့ခွဲဝင် များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မဲဆန္ဒနယ်မြေ အတွင်းမှ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ များမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါက်တာမြတ်သစ်က ပြည်တွင်း၊ပြည်ပ မဲဆန္ဒရှင်များ၏ ဆန္ဒမဲလက်မှတ်များ ထည့်သွင်းမည့် ကြိုတင်ဆန္ဒမဲပုံးများအား ချိတ်ပိတ်ဆောင်ရွက်မည့် အကြောင်းကို ရှင်းလင်းပြောကြားပြီးနောက် ပွင့်လင်းမြင်သာမှုရှိစေရေး အတွက် တာဝန်ရှိသူအားလုံး၏ ရှေ့မှောက်တွင် ကြိုတင်ဆန္ဒမဲပုံးကို ချိတ်ပိတ်ဆောင်ရွက်ခဲ့သည်။ ထို့နောက် ပုံစံ (၁-၁) မဲဆန္ဒနယ်ပြင်ပ( ပြည်တွင်း) ကြိုတင်မဲပုံး၊ ပုံစံ (၁-၃) မဲဆန္ဒနယ်ပြင်ပ( ပြည်ပ) ကြိုတင်မဲပုံး ချိတ်ပိတ်ထားခြင်းကို စစ်ဆေးဆောင်ရွက်ခဲ့ကာ တက်ရောက် လာသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များက သိရှိလိုသည်များ မေးမြန်းချက်၊ အကြံပြုချက်များကို ပြန်လည် ဖြေကြားဆွေးနွေးခဲ့သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ချမ်းအေးသာစံမြို့နယ် မဲဆန္ဒနယ်မြေအတွင်းမှ ကြိုတင် ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေး နိုင်ရေးအတွက် ပုံစံ(၁၅)ဖြင့် တောင်းဆိုသော ပြည်တွင်းရှိ သက်ဆိုင်ရာ မဲဆန္ဒနယ် ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများဖြစ်သည့် အချုပ်သား များ၊ သင်တန်းတက်ရောက်နေသည့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အခြားနိုင်ငံ့ဝန်ထမ်းများ ပုံစံ(၁-၁) ၈၀ ဦး၊ သက်ဆိုင်ရာမဲဆန္ဒနယ် ပြင်ပ ရောက် နိုင်ငံပြင်ပရှိ အစိုးရခွင့်ပြုချက်ဖြင့် ရောက်ရှိနေသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပုံစံ(၁-၃) ၄၅၂ ဦး ရှိကြောင်း သိရသည်။

ထိပ်ထားနိုင်