ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးကြိုချည်မျှင်ရှည်ဝါအထူးအတွက်တိုးဇုန် (Pilot Area) ပန်းတိုင်အထွက်ရရှိရေး ကွင်းသရုပ်ပြပွဲ ကျင်းပ

ပျော်ဘွယ် ဇွန် ၁၆

ပျော်ဘွယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်၍ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးကြိုချည်မျှင်ရှည်ဝါ အထူးအထွက် တိုးဇုန် (Pilot Area) ပန်းတိုင် အထွက်ရရှိရေး ကွင်းသရုပ်ပြပွဲကို ဇွန်လ (၁၆) ရက်၊ နံနက် (၉) နာရီက ရန်အောင်ကျေးရွာအုပ်စု၊ ပင်းစုကျေးရွာ၊ ကွင်းအမှတ် (၇၆၇) ဝါသီးနှံ စိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရမည်းသင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးမြင့်ထွန်းက နိုင်ငံတော်အနေဖြင့် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းတွင် အဆင်ပြေ စေရန်အတွက် ဦးစားပေးကဏ္ဍတစ်ခုအနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် လူမှုစီးပွားဘဝ အဆင်ပြေစေရန် အတွက်လည်း သက်ဆိုင်ရာဌာနများမှတဆင့် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်းတို့ကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဒုတိယတိုင်းဦးစီးမှူး ဦးမင်းကြည်က ဝါသီးနှံစိုက်ပျိုးရာတွင် မြေပြုပြင်ထိန်းသိမ်း ရမည့် နည်းလမ်းများ၊ မျိုးကောင်းမျိုးသန့် ရွေးချယ်အသုံးပြုရမည့် နည်းလမ်းများ၊ ပိုးသတ်ဆေးအသုံးပြုရမည့် နည်းလမ်းများ စသည်တို့ကို ရှင်းလင်း ဆွေးနွေးသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး ဒုတိယတိုင်းဦးစီးမှူးဦးမင်းကြည်၊ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မကွေးခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးငွေဆန်းနှင့် တာဝန်ရှိသူများက သီးနှံမျိုးစေ့များကို အခမဲ့ပေးအပ်ရာ တောင်သူများမှ လက်ခံရယူကြပြီး ဝါသီးနှံစိုက်ပျိုးသည့် တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

အဆိုပါကွင်းသရုပ်ပြပွဲသို့ မကွေးခရိုင်နှင့် ပျော်ဘွယ်မြို့နယ်အတွင်းရှိ ဝါသီးနှံစိုက်ပျိုးသည့် တောင်သူများက မိုးကြိုချည်မျှင်ရှည်ဝါ (B-31) မျိုး စိုက်ပျိုးထားမှုနှင့်ပတ်သက်၍ မြေယာပြုပြင်မှု၊ မြေဩဇာအသုံးပြုမှု စသည့်စိုက်ပျိုးနည်းစနစ်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်စိုက်ပျိုး ရေး ဦးစီးမှူး ဦးမျိုးငြိမ်းဇော်နှင့် ဝန်ထမ်းများက ပြန်လည်ရှင်းလင်းဆွေးခဲ့ကြကြောင်းသိရသည်။

မင်းမင်းထွေး