မော်လမြိုင် ဇွန် ၁၆
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် စာရင်းကိုင်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်စေရန်နှင့် သင်တန်းသားများအနက် ထူးချွန်သူများကို ရွေးချယ်၍ သမဝါယမကောလိပ်များနှင့် သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်များသို့ ပေါင်းကူး၍ ပညာဆက်လက်သင်ယူနိုင်သည့် အခွင့်အလမ်းများ ဖန်တီးပေးရန် ရည်ရွယ်၍ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်ကန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်တန်းကျောင်းဖွင့်ပွဲ အခမ်းအနားကိုဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းက သက်မွေးပညာ သင်တန်းကျောင်းခန်းမ(ရာမညဆောင်)၌ ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးမျိုးဆွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် မွန်ပြည်နယ် အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးမျိုးဆွေက ပထမနှစ်၊ ဒုတိယနှစ်(၂)နှစ်တာ သင်တန်းမှာ သင်ကြားပို့ချပေးမည့် ဘာသာရပ်တွေကို လေ့လာကြည့်တဲ့အခါ အလွန်အသုံးတည့်မည့် ဘာသာရပ်တွေအပြင် အခြေခံပညာ သင်ရိုးထဲက ဘာသာရပ်များကို ထည့်သွင်းရေးဆွဲထားတာဖြစ်လို့. ဒိကျောင်းက ကလေးတွေဟာ ဆန္ဒရှိရင် အခြေခံပညာ ကျောင်းများက ကျင်းပပေးမည့် စာမေးပွဲများကိုလည်း အခက်အခဲမရှိ ဝင်ရောက်ဖြေဆိုနိုင်မှာဖြစ်ပြီး အခြားတက္ကသိုလ်များမှာလဲ တက်ရောက်သင်ကြားနိုင်မှာ ဖြစ်ပါကြောင်း၊ သက်မွေးပညာသင်တန်းကျောင်းအနေဖြင့် ကွန်ပျူတာနှင့် စာရင်းရေး၊ စာရင်းကိုင်ပညာ တတ်ကျွမ်းသူများကို မွေးထုတ်ပေးမှာဖြစ်တဲ့အတွက် ဂုဏ်ယူမိပါကြောင်း၊ မွန်ပြည်နယ်အတွက် အားထားနိုင်တဲ့ စာရင်းကိုင်ပညာတတ်များ ပေါ်ထွက်လာမှာဖြစ်တဲ့အတွက် ကျေနပ်အားရ မိပါကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေနှင့်လည်း မိမိကျောင်းတော်ကြီးမှ သင်ကြား ပို့ချပေးမည့် ဘာသာရပ်များကို ဂရုတစိုက် သေသေချာချာ လေ့လာသင်ယူ၌၍၊ မောင်တို့၊ မယ်တို့အတွက် ပညာသင်ကြားနိုင်အောင် နိုင်ငံတော်မှငွေတွေအများကြီးကုန်ကျခံပြီး ဖွင့်လှစ်ပေးရတာဖြစ်ပြီး၊ သမဝါယမဦးစီးဌာနက တာဝန်ရှိသူတွေလဲ သင်တန်းဖွင့်လှစ်နိုင်အောင် အားထုတ်ပေး၍၊ ဆရာ၊ ဆရာမများရဲ့ စကားတွေနားထောင်ပြီး လိမ်လိမ်မာမာနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် သက်မွေးပညာရပ်များကို၊ ကြိုးစားသင်ယူစေလို ပါကြောင်၊ တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးက သင်တန်းကျောင်း ဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး မျိုးဆွေက သင်တန်းသားသူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကာ သင်တန်းသူ တစ်ဦးက လက်ခံရယူ၍ တက်ရောက်လာသူများအား ရင်းရင်းနှီးနှိးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကျောင်းအား ၂ဝ၂၃-၂၀၂၄ ပညာသင်နှစ်အတွက် (၁၆-၆-၂၀၂၃)ရက်မှ (၁၆.၂.၂၀၂၄)ထိ ဖွင့်လှစ်သင်ကြားပြီး ပထမနှစ်နှင့်ဒုတိယနှစ် သင်တန်းသား/သူ(၇၇)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)