လှိုင် အောက်တိုဘာ ၉
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်၊ ကော်မတီဝင်(၇) ဦးဝင်းမြင့်သန်းနှင့်အဖွဲ့များက ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်အနောက် ပိုင်းခရိုင်၊ လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးနှင့် ရွှေပိတောက်ငါးဈေးတို့တွင်ဈေး ရောင်းချသူ များနှင့် စျေးဝယ်လာသူများအား Mask စနစ်တကျ တပ်ဆင်ရေး၊ စည်းကမ်းလိုက်နာ ရေးနှင့် မလိုက်နာသူများအား ဒဏ်ရိုက်အရေးယူ ဆောင်ရွက်စေရေးအတွက် လာရောက် ဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စား လှယ်များ၊ လှိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သက်ဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စည်ပင် သာယာရေးဈေးများဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ကော်မတီအဖွဲ့များ တက်ရောက်ခဲ့ကြပြီး စျေးများဖွင့်လှစ်ရောင်းချနေမှု အခြေအနေနှင့် ဆောင်ရွက်ထားရှိမှုများအား သိရှိရန် ဈေးအတွင်း လှည့်လည်စစ်ဆေးခဲ့ကြသည်။ ထို့နောက် Mask များအား စျေးဝယ်လာသူများနှင့် စျေးဆိုင်များအား ဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါမှ ကာကွယ်နိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက် ကြရန်၊ စည်းကမ်းလိုက်နာမှုမရှိသူများအား အရေးယူ ဆောင်ရွက်ရန် စသည်တို့အား ဆွေးနွေးခဲ့ကြ၍ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ကြည်ဇေသော် (ပြန်/ဆက်)