တောင်ကြီး ဇွန် ၁၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အသိပညာပေးလုပ်ငန်းများကို အွန်လိုင်းမှတဆင့် ထုတ်လွှင့်ပေးလျက်ရှိရာ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တောင်ကြီးတွင် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာအသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီခွဲက ပြုလုပ်သည်။
အသိပညာပေး Talk Show တွင် တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းထွန်းနှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အသင်းခွဲ အလုပ်အမှုဆောင် ဦးဖြိုးသူရိန်မင်းတို့က မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ မူးယစ်ဆေးဝါးများ မြန်မာနိုင်ငံသို့ စတင်ရောက်ရှိလာရခြင်း၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း လက္ခဏာနှင့် ဆိုးကျိုးများ၊ ကာကွယ်နိုင်မည့်အချက်များ စသည်တို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးမှုများကို ပြည်သူများ အလွယ်တကူ ကြည့်ရှုလေ့လာနိုင်ရန်အတွက် တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ We Love Taunggyi နှင့် Community Centre Taunggyi Facebook Page တို့တွင် ပြည့်ပြည့်စုံစုံ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်နိုင်လင်း