မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၁၀)မြို့နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

မော်လမြိုင် ဇွန် ၁၆

မွန်ပြည်နယ်တွင် အများပြည်သူများ အားကစားကို လေ့လာလိုက်စား၍ အားကစားနည်းအလိုက် ဆောင်ရွက်နိုင်စေရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ်အသက်(၁၉)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ရာမည အားကစားကွင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်ဇနီး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီဝင်များ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများမှ ကွင်းအတွင်းနေရာယူ၍ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက ယခုကျင်းပပြုလုပ်တဲ့ (၁၀)မြို့နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ မြို့နယ်အဆင့်၊ ခရိုင်အဆင့်မှသည် မွန်ပြည်နယ်လက်ရွေးစင် အမျိုးသမီးဘောလုံးအားကစားသမားကောင်းများ ထွက်ပေါ်လာစေရန်၊ ဘောလုံးအားကစားနည်းကို လူအများစိတ်ဝင်စားပြီး ပါဝင်လာခြင်းဖြင့် မွန်ပြည်နယ်အမျိုးသမီးဘောလုံး အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရန်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘောလုံးပြိုင်ပွဲများတွင် မွန်ပြည်နယ် အမျိုးသမီးဘောလုံးအသင်း အောင်မြင်မှုရရှိစေရန်၊ မြန်မာ့လက်ရွေးစင် နိုင်ငံ့ဂုဏ်ဆောင် အမျိုးသမီးဘောလုံးအားကစားသမားများ မွေးထုတ်ပေးနိုင်ရန်စတဲ့ ရည်ရွယ်ချက်ကောင်းတွေ ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ အားကစားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ရေတိုမဟုတ်ဘဲ ရေရှည်ဆောင်ရွက်ရသော လုပ်ငန်းဖြစ်သဖြင့် လူငယ်မျိုးဆက်သစ်များရှိရာ အခြေခံပညာကျောင်းများမှာ ကျောင်းနေအရွယ် ကျောင်းသား/သူ၊ လူငယ်များစိတ်ပါဝင်စားစွာ ပညာသင်ကြားနိုင်ရေးနှင့် အားကစားကို လေ့လာလိုက်စားနိုင်ရေးအတွက် လိုအပ်သည်များလည်း ပံ့ပိုးစီမံပေးရမှာဖြစ်ကြောင်း၊ မွန်ပြည်နယ် ဘောလုံးအားကစား အဆင့်အတန်းတိုးတက်မြင့်မားရေးနှင့် ပြည်နယ်ဂုဏ်ဆောင် အားကစားသမားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးအထူးအာရုံစိုက်ပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက်ပြိုင်ပွဲဝင် အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆို၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး အဖွင့်ပွဲစဉ်အဖြစ် ကျိုက်ထိုမြို့နယ် ဘောလုံးအသင်းနှင့် ဘီးလင်းမြို့နယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးကြသည်။

အဆိုပါ  (၁၀)မြို့နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ဇွန်လ ၁၅ ရက်နေ့မှ ၃၀ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)