မိတ္ထီလာမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အခြေခံပညာအထက်တန်းကျောင်းများ၊ ကိုယ်ပိုင်အထက်တန်း ကျောင်းများနှင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပ

မိတ္ထီလာ ဇွန် ၁၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန် မြှင့်တင်ရေး အခြေခံပညာ အထက်တန်းကျောင်းများ၊ ကိုယ်ပိုင်အထက် တန်းကျောင်းနှင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးက အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျပန်းစကားပြော ပြိုင်ပွဲများနှင့် လူငယ် စကားဝိုင်းများကို အခြေခံပညာကျောင်းများတွင် ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ကျပန်း စကားပြောပြိုင်ပွဲကို အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်း ကျောင်းများအားလုံး ဝင်ရောက်ယှဉ်ပြိုင်ကြစေလိုကြောင်း၊ ၎င်းအပြင် လူငယ်စကားဝိုင်းများ ကျင်းပရာတွင် လည်း ကျောင်းသား/ကျောင်းသူများ ပါဝင်ဆွေးနွေးနိုင်စေရန် ကြိုတင်ညှိနှိုင်းဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်  မြို့နယ်ပညာရေးမှူး ဦးဝင်းလှိုင်က ကျပန်း စကား ပြောပြိုင်ပွဲနှင့် လူငယ်စကားဝိုင်းများတွင် အခြေခံပညာအထက်တန်းကျောင်းများအားလုံး ပူးပေါင်းဆောင်ရွက်နိုင်ရေး ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တက်ရောက်လာသော အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီးတို့က  ကျပန်စကားပြော ပြိုင်ပွဲ၊ လူငယ်စကားဝိုင်းများနှင့် ပတ်သက် ၍  အကြံပြု ဆွေးနွေးခဲ့ကြသည်။  ယင်းနောက် လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က အခြေခံပညာ အထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများ အတွက် စာအုပ်များ လှူဒါန်းရာ မြို့နယ်ပညာရေးမှူးက လက်ခံခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ မြို့နယ် ပညာရေးမှူး ဦးဝင်းလှိုင်၊ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီးများ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)