ပင်လောင်းမြို့နယ်တွင် လူထုအခြေပြု ငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း အသိပေးညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်

ပင်လောင်း ဇွန် ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကျန်းမာရေးနှင့် အမျိုးသားငှက်ဖျားရောဂါ တိုက်ဖျက်ရေးစီမံချက်တို့ ပူးပေါင်း၍  လူထုအခြေပြုငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း အသိပေးညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရှမ်း​ပြည်နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ပြည်ဦးစီးမှူး (တတိယတန်း) ငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း သင်တန်း​ကျောင်းတာဝန်ခံ ဒေါ်ခင်ဆွေဦးက စီမံကိန်းရည်ရွယ်ချက်များ၊ အဓိကဆောင်ရွက်သွားမည့် စီမံချက်လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကျေးလက်ကျန်းမာရေးဌာနများမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် မြေပြင်အခက်အခဲများနှင့် လိုအပ်သည့် ကူညီပံ့ပိုးမှုများကို အ​ကြံပြုဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူက ပြန်လည်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။ ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမြင့်နိုင်က နိဂုံးချုပ်ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)