သင့်အနာဂတ်ကို သင်ကိုယ်တိုင်ဖန်တီးယူပါစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကော့မှူး ဇွန် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်‌နေ့မွန်းလွဲပိုင်းက စာ‌ပေချစ်မြတ်နိုးသူများနှင့် Book Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင်‌ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား/ကျောင်းသူလူငယ်လူရွယ်များအနေဖြင့် နောင်တစ်ချိန်တွင် တိုင်းပြည်၏တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့်သူများဖြစ်သည့်အတွက် အသိပညာ ဗဟုသုတတိုးပွားစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံစေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများနှင့် Book club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းများကို စဉ်ဆက်မပြတ်‌ ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် Book Club အဖွဲ့ဝင် ဒေါ်တင်သန်းက စာရေးဆရာ“ရနံ့သိုက်”ရေးသားသည့် “သင့်အနာဂတ်ကို သင်ကိုယ်တိုင်ဖန်တီးယူပါ” (လူငယ်တို့အတွက် စိတ်ဓာတ်ခွန်အားဖြည့်စာစုများ)စာအုပ်ထဲမှသင့်ဘဝကသင့် အလုပ်ပါခေါင်းစဉ်ဖြင့်လည်းကောင်း၊ မပြည့်စုံက“ကိုယ့်ဘဝကိုယ့်အချိန်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ကျော်မျိုးက “ရည်ရွယ်ချက်မှ အောင်မြင်မှုသို့” ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ Book Club အဖွဲ့ဝင်ဒေါ်တင်သန်းမှလောက၌ ပြောကြသည်မှာ အပြောဖြင့်မလုပ်နဲ့၊ အလုပ်ဖြင့် ပြောပါဟူ၍ဖြစ်ကြောင်း၊ လောကမှာလူအများစုအပြောကတော့ လွန်စွာကောင်းပြီး လုပ်ကိုင်ဆောင်ရွက်မှုအပိုင်းမှာ ဆီနဲ့ရေအလားကွဲပြားခြားနားလှသည်ကို တွေ့မြင်ဖူးကြမည်ဖြစ်ကြောင်း၊ တချို့အရာများ အပြောလွယ်သလောက် အလုပ်လွန်စွာခက်ကြောင်း၊ ထို့ကြောင့်လည်း ပြောတတ်သူအပြောကောင်းသူတိုင်း မအောင်မြင်ကြခြင်းဖြစ်မည်မှာ အမှန်အကန်တွေ့ရှိနိုင်ကြောင်း၊ ပြောဆိုခြင်းသည် လုပ်ကိုင်ဆောင်ရွက်ခြင်းထက် များစွာပို၍ လွယ်ကူသည် အပြောနှင့်အလုပ် ကိုက်ညီသောသူများမှာ လွန်စွာလေးစားအတုယူထိုက်ပေကြောင်း၊ လောက၌ လူအများစုသည် အပြောသမားများဖြစ်ကြကြောင်း၊ အလုပ်ဖြင့်ပြောသော ပုဂ္ဂိုလ်များကိုပညာရှင်အချို့ လက်ခံယုံကြည်ကြသည် မှာအပြောနှင့်အလုပ်တိုက်ရိုက် အချိုးကျသူသာ တိုးတက်ကြီးပွားနိုင်ခြင်းကို ပိုင်ဆိုင်ရယူနိုင်သူဖြစ်ကြောင်းနှင့် စာအုပ်ပါ အကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်သူရ