မုဒုံမြို့နယ်တွင် မုန်တိုင်းဘေး၊ ရေဘေးတုံ့ပြန်မှုဆိုင်ရာနှင့် ပြည်သူလူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

မုဒုံ ဇွန် ၁၆

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မုန်တိုင်းဘေး၊ ရေဘေးအန္တရာယ်တုံ့ပြန်မှုဆိုင်ရာများနှင့် ပြည်သူလူထုပူးပေါင်းပါဝင်သော ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့နံနက် ၈ နာရီခွဲက ပင်လယ်ဆိပ်ကမ်းနားရှိ ကတုံးပေါ်ကျေးရွာ၌ ဆောင်ရွက်သည်။

ရှေးဦးစွာ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖုန်းမြင့်အေးနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက မုန်တိုင်းဘေးအန္တရာယ် သတိပေးအရေးပေါ်ထုတ်ပြန်ချက် (အညိုရောင်) အဆင့်သတင်းကို ကျေးရွာနေပြည်သူများ သိရှိနိုင်ရန် အသံချဲ့စက်ဖြင့်ကြေညာပြီး ကြိုတင်ပြင်ဆင်သတ်မှတ်ထားသည့် ကုန်းမြင့်ပိုင်းဇရပ်(ဘေးလွတ်ရာနေရာ)သို့ ပြောင်းရွှေ့ကြရာ ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ မသန်စွမ်းသူများကို ကူညီရွှေ့ပြောင်းပေးခြင်း၊ နေအိမ်များတွင် ကျန်ရှိသူတို့ကို ရှာဖွေကယ်ဆယ်ဆောင်ရွက်ပေးခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို ရှေးဦးသူနာပြုစုစောင့်ရှောက်ခြင်းနှင့် ဆေးရုံဆေးခန်းသို့ လူနာတင်ယာဥ်ဖြင့် ကူညီပို့ဆောင်ခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

ထိုသို့ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းကို မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြပြီး မီးသတ်ဦးစီးဌာနက ဦးဆောင်၍ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များနှင့် ကျေးရွာနေပြည်သူစုစုပေါင်း ၁၅၀ ခန့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကာ ရေဘေး၊ လေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေးစသည့်သဘာဝဘေးအန္တရာယ်ဆိုင်ရာများကို အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သားငယ် (ပြန်/ ဆက်)