နောင်ချိုမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြာပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

နောင်ချို ဇွန် ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း MANA နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး‌နေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နောင်ချိုမြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာမည့် ဆိုးကျိုးများအကြောင်းကိုလည်းကောင်း၊ မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း နောင်ချိုရိပ်မွန် စီမံချက်မန်နေဂျာ ဒေါက်တာ ဝေဖြိုးမောင်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်ပေါ်လာပုံများ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ မူးယစ်ဆေးဝါးအမျိုးအစားများအကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အဓိကအကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်းရာ ဆိုးကျိုးများအကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် နောက်ဆက်တွဲ ရောဂါဖြစ်သည့် (HIV/AIDS) ရောဂါအကြောင်းများကို အသီးသီး အသိပညာပေး ဟောပြောခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြသထားသည့် ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)