မိုင်းကိုင် ဇွန် ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နယ်မြေခံနည်းဗျူဟာမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် နယ်မြေခံနည်းဗျူဟာမှူး ဗိုလ်မှူးကြီးနောင်လတ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပမ်းဆက်သွယ်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် မှတ်ပုံတင်ကတ်ပြားများ ဆောင်ရွက်ပေးမှု၊ ကျောင်းဖွင့်ရာသီအတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုနှင့် အသစ်ထပ်မံခန့်ထားပေးသည့် ဆရာ၊ ဆရာမများကို ကျေးရွာစာသင်ကျောင်းများအရောက် ပို့ဆောင်ပေးမည့်ကိစ္စများကို ဆွေးနွေးတင်ပြကြရာ လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး၊ နယ်မြေလုံခြုံရေးတို့အတွက် နယ်မြေခံနည်းဗျူဟာမှူးက ပူးပေါင်းဆောင်ရွက်ပေးမည့် ကိစ္စများကို ပြန်လည်ဆွေးနွေးပြီး ဆုံးဖြတ်ချက်များ အသီးသီး ချမှတ်ခဲ့ကြသည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးတွေ့ဆုံဆွေးနွေးပွဲသို့ နယ်မြေခံနည်းဗျူဟာမှူးနှင့် အမှတ်(၅၁၄) ခြေမြန်တပ်ရင်းမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများနှင့် ရွာခွဲတာဝန်ခံသူကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)