မြင်းခြံမြို့ အ.ထ.က(၂)ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲပြုလုပ်

မြင်းခြံ ဇွန် ၁၆

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်ဝင့်မာလာအောင်က မူးယစ်ဆေးဝါး ဆိုင်ရာဥပဒေများအကြောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးရောင်းဝယ်၊ သုံးစွဲခြင်းဖြင့်ရရှိမည့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်ဖြင့် ဟောပြာခဲ့ကြသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်ဘုတ်ပြသခြင်းနှင့် သုတ၊ ရသ စာအုပ်များ ပြသထားရာ ဟောပြောပွဲ တက်ရောက်ကြသော ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုခဲ့ကြောင်း သိရသည်။                                      

ကျော်စွာ(မြင်းခြံ)