ကျောက်ပန်းတောင်း ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများမှကလေးများ သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက်၊ အသိပညာပေးခြင်းနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းဖြစ်သည့် ရေတွင်း/ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို၊ ဇွန်(၁၆)ရက်နေ့ နံနက်(၉)နာရီက ကျောင်းကျန်းမာရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ မြို့မကွက်သစ်ရပ်ကွက် မူလတန်းလွန်ကျောင်းနှင့် ဈေးကွက်သစ်ရပ်ကွက် မူလတန်းကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းကျန်းမာရေးဌာနမှ တာဝန်ခံဆရာဝန် ဒေါ်မီမီသက်နှင့်ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်သဲဖြူ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မြို့မကွက်သစ်ရပ်ကွက် မူလတန်းလွန်ကျောင်းနှင့် ဈေးကွက်သစ်ရပ်ကွက် မူလတန်းကျောင်းတို့မှ ကျောင်းသား/ကျောင်းသူလေးများအား တွေ့ဆုံ၍ သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားရခြင်းအကြောင်းနှင့် မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ သန့်လေးသန့်အကြောင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး နေ့စဉ်ဆောင်ရွက်ရမည့်အကြောင်းများကို အသိပညာပေးဟောပြောသည်။ ယင်းနောက် ကျောင်းအတွင်းရှိ ရေတွင်း/ရေကန်များနှင့် ဘုရားပန်းအိုးများ၊ သောက်ရေအိုးများတွင် ပိုးလောက်လန်းရှိ/မရှိ စစ်ဆေးပြီး၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ရေတွင်း/ရေကန်များနှင့် ရေအိမ်များအတွင်း အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်မှုနှင့် ပတ်သက်၍ “ကျွန်မတို့ ကျောင်းကျန်းမာရေးဌာနအနေနဲ့ အခုလို မိုးရာသီကာလမှာ ကလေးတွေ သွေးလွန် တုတ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေဖြစ်တဲ့ အသိပညာပေး ဟောပြောတာတွေ၊ ဖုံး သွန် လဲ စစ် လုပ်တာတွေနဲ့ ကျောင်းတွေမှာရှိတဲ့ ရေတွင်း/ရေကန်တွေမှာ အဘိတ်ဆေးခတ်ပေးတာတွေကို ဆောင်ရွက်ပေးနေပါတယ် ဒီလုပ်ငန်းတွေကို ကျွန်မတို့အနေနဲ့ အဖွဲ့ပေါင်းစုံနဲ့ ပူးပေါင်းဆောင်ရွက် နေတာဖြစ်ပြီး (၁၃-၆-၂၀၂၃) ရက်နေ့ကနေ၊ ဒီနေ့(၂)ကျောင်းနဲ့ဆိုရင် ကျောင်း(၈)ကျောင်းကို ဆောင်ရွက်ပြီးစီးခဲ့ပါပြီ နောက်ရက်တွေမှာ ကျန်တဲ့အခြေခံပညာကျောင်းတွေအပြင်၊ ဘုန်းတော်ကြီးသင်ကျောင်းတွေနဲ့ ပုဂ္ဂလိကကျောင်းတွေကိုပါ လှည့်လည်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဒေါ်တင်တင်ဌေး (ကျောင်းကျန်းမာရေး) က ပြောပါသည်။
နေအောင်(ပြန်/ဆက်)