မြစ်သား ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွှဲပိုင်းက မြို့နယ်အထွေထွေအုပ်ရေးချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ အခြေခံပညာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပမည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ပန်းချီပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်မှ မူးယစ်ပန်းချီပြိုင်ပွဲကို ဇွန်လ(၂၀)ရက်နေ့နံနက်(၉)နာရီအချိန် ပြိုင်ပွဲစတင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ခေါင်းစဥ်များမှာ “မူးယစ်ဆေးရန်တို့ တွန်းလှန်ကြိုစား တိုက်ဖျက်နိုင်ငံအတွက်”၊ “မူးယစ်ကင်းစင်တို့ပြည်တခွင် သာယာလှပလူမှုဘဝ”၊ “မျိုးဆက်သစ်များ တိုးတက်ဖို့ မူယစ်ဆေးမှန်သမျှ တိုက်ထုတ်စို့”၊ “လူသားချင်းစာနာကျန်းမာဖို့စိန်ခေါ်မူးယစ်တိုက်ဖျက်စို့” ခေါင်းစဥ်ပါ အကြောင်းအရာများနှင့် (ထက်၊ လယ်၊ မူ)အဆင့် ပြိုင်ပွဲဝင်သည့်ကျောင်းသား၊ ကျောင်းသူများကို ပထမဆု၊ ဒုတိယဆု၊ တတိယဆု စုစုပေါင်း(၉)ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ဆောင်ရွက်သွားမည့် အစီအစဥ်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ အကဲဖြတ်အမှတ်ပေး ဒိုင်ဖြစ်သော ငါးဆူကျောင်းအုပ်ဆရာကြီး ဦးဇော်သိန်းနှင့် ရွှေကြာအင်း ကျောင်းအုပ်ဆရာကြီး ဦးတင်ထွန်းအောင်တို့မှ မူးယစ်ပန်းချီပြိုင်ပွဲတွင် သတ်မှတ်ပေးထားသည့် အချိန်နှင့်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသော အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများက ပြိုင်ပွဲတွင်ကျောင်းများအလိုက် ပါဝင်ယှဥ်ပြိုင်မည့် အတန်းအလိုက် ရွေးချယ်ထားသည့် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ စာရင်းအရေအတွက်များပေးကာ လိုအပ်သည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများ၊ အကဲဖြတ်အမှတ်ပေးဒိုင်အဖွဲ့များနှင့် အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)