ကျောက်မဲမြို့၊ တောင်နောက်ကျေးရွာတွင် စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်

ကျောက်မဲ ဇွန် ၁၆

ရှမ်းပြည်နယ်(‌မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ တောင်နောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျောက်မဲခရိုင် စားသုံးသူရေးရာဦးစီးဌာမှ တာဝန်ရှိသူများသည်  စားသုံးသူအခွင့်အရေးဆိုင်ရာ သိကောင်းစရာခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ရာ ဒေသခံပြည်သူ ၃၅ ဦး တက်ရောက်ခဲ့‌ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူး ဒေါ်ခင်မာရီက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုအတွက် တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက် ပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ဝန်ဆောင်မှု လုပ်ငန်းများ၏ အာမခံချက်များနှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ အကြောင်းကို အသိပညာပေးဟောပြော၍ ၎င်းတို့၏ ဌာနထုတ် လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)