မိုင်းရှူးမြို့နယ်အတွင်း ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းထုတ်ပြန်ကြေညာမှုများ ကွင်းဆင်းကြည့်ရှု

မိုင်းရှူး  အောက်တိုဘာ  ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင် ခရိုင်၊ မိုင်းရှူးမြို့နယ်၊ မိုင်းစံမြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ထုတ်ပြန် ကြေညာခြင်းကို မိုင်းရှူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့်အဖွဲ့ဝင်များသည် ယမန်နေ့က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် မိုင်းစံမြို့ပေါ် ရပ်ကွက်(၃)ရပ်ကွက်၊ ဝမ်လီကျေးရွာအုပ်စုနှင့် အခြားအုပ်စုများသို့ မဲစာရင်းများ သွားရောက်စစ်ဆေးခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာခြင်း နှင့်ပတ်သက်၍ မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့် အမည် ထည့်သွင်းရန် တောင်းဆိုခြင်း၊ အခြားဒေသမှ လာ ရောက်နေထိုင်သူများဖြစ်ပါက ပုံစံ-၃ (က)ဖြင့်လျှောက်ထားခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါကပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်မှားယွင်းနေပါက ပုံစံ-၄(ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်စိစစ်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲ​ပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးရေးအတွက် မဲဆန္ဒရှင်စာရင်းများ လာရောက် ကြည့်ရှုရန်၊ နောက်ဆုံးအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားခြင်းဖြစ်၍ ပြည်သူများအနေဖြင့် မိမိမဲစာရင်းကို သေချာမှတ်သားကြရန်၊ ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာ အလိုက် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်တွင် မိုင်းစံမြို့အပါ ရပ်ကွက်(၇)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၇)အုပ်စု၌ ဒုတိယအကြိမ်ကပ်ထားသည့် မဲဆန္ဒရှင်စာရင်းတွင် မဲဆန္ဒရှင် (၅၂၀၇၁)ဦးရှိပြီး၊ မဲရုံ(၄၅)ရုံရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)