အင်းစိန်မြို့နယ်၌ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ သတင်းရေးသားထုတ်ပြန်ခြင်း သင်တန်း ဖွင့်လှစ်

ရန်ကုန် ဇွန် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သတင်းစွမ်းဆောင်ရည် တိုးတက်စေရန် ရည်ရွယ်ပြီး သတင်းရေးသားထုတ်ပြန်ခြင်း သင်တန်းကို ဇွန်(၁၅)ရက်နေ့ နံနက်(၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပသည်။

ကျင်းပရာတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)က အဖွင့်အမှာစကားပြောကြားသည်။ သင်တန်းကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ စာရင်းစစ် ဒေါ်မြင့်မြင့်သိန်းက နိုင်ငံရေးနှင့် သတင်းမီဒီယာများ၏ အခန်းကဏ္ဍနှင့် သတင်းသမား သစ္စာတရား၊မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ကောင်မတီဝင် ဦးနေလင်း(မောင်ချိုဝေ)က သတင်းမှား/ မှန် သုံးသပ်ခြင်းနှင့် အချက်အလက်အခြေပြု သတင်းစာပညာ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ဦးဆန်းဝင်းက ဝေါဟာရ ရှင်းလင်းချက်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ နည်းပညာအကြံပေး ဦးဌေးလင်းက Social Media များ၏ အခန်းကဏ္ဍ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်း ခရိုင် ဦးစီးမှူး ဦးအေးသိမ့်က သတင်းမီဒီယာသမားများလိုက်နာရမည့်တာဝန်နှင့် ကျင့်ဝတ်များကို အသီးသီး ဆွေးနွေးပို့ချသည်။

အဆိုပါသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ ဝန်ထမ်း(၂၅)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ဇွန်(၁၅)ရက်နေ့မှ (၁၆)ရက်နေ့အထိ (၂)ရက်ကြာ စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်သည်။ သင်တန်းသို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)နှင့် ကော်မတီဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ဦးဆန်းဝင်းနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ ဆက်)