သံဖြူဇရပ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာ​ပေးဟောပြော​ပွဲနှင့်လက်ကမ်းစာစောင်များဖြန့်ဝေ

သံဖြူဇရပ် ဇွန် ၁၆

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားလျက်ရှိရာ ရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုးမင်းကကျောင်းသူ ကျောင်းသားများအား သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားပုံအဆင့်ဆင့်၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းဆောင်ရွက်ခြင်း၊ အပတ်စဥ် သောကြာနေ့တိုင်း ကျောင်းသား ကျောင်းသူများအား စာသင်ခန်းအတွင်းရှိ ခြင်များပေါက်ပွားစေနိုင်သည့် ဘုရားပန်းအိုးနှင့်ခွက်များအား သွန်မှောက်စေခြင်း၊ ကျောင်းနှင့်ဝန်းကျင် ခြုံနွယ်များရှင်းလင်း​ခြင်း၊ ရေတင်နိုင်သည့်ခွက်မျာအား သွန်မှောက်ကြစေရေးနှင့် မိမိအိမ်တွင်လည်း အပတ်စဥ်ပြုလုပ်ကြစေရေး အသိပညာပေးဟောပြောသည်။

ထို့နောက် အသိပညာပေးဟောပြောပွဲသို့တက် ရောက်လာကြသည့်ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ ဆက်)