သထုံ ဇွန် ၁၆
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့၊ မွန်းလွဲပိုင်းက စပါးသီးနှံ၌ ကျရောက်တတ်သော ပိုးမွှားရောဂါများအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်နုက Talk Show အစီအစဉ် ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံကာကွယ်ရေးတာဝန်ခံ ဦးကျော်ကျော်ဦးက စပါးပင်များ၌ ကျရောက်တတ်သည့် ပိုးမွှားအမျိုးမျိုးနှင့် ဖြစ်ပွားတတ်သည့်ရောဂါများ၊ ဒေသတွင်းလယ်ယာမြေများ၌ မိုးစပါးစိုက်ပျိုးချိန်ကာလ ကျရောက်လေ့ရှိသည့် ဖျက်ပိုးများနှင့် ၎င်းတို့၏ သဘာဝလက္ခဏာများ၊ စပါးဖျက်ပိုးတို့အား ကာကွယ်နှိမ်နင်းနိုင်သည့် နည်းလမ်းများ၊ အသုံးပြုသင့်သည့် ပိုးသတ်ဆေးများ၊ စပါးသီးနှံ၌ အဖြစ်များသည့် ရောဂါအမျိုးမျိုးနှင့် ဘက်တီးရီးယားရွက်ခြောက်ရောဂါ စနစ်တကျ ကာကွယ်နည်းများ စသည့် စပါးသီးနှံ၌ ကျရောက်တတ်သော ပိုးမွှားများ၊ ရောဂါများနှင့် ကာကွယ်နှိမ်နင်းနိုင်သည့် နည်းလမ်းများတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ ဆက်