မုဒုံမြို့နယ်တွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်

မုဒုံ ဇွန် ၁၆

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအ​ခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ကုန်ပစ္စည်းများတွင်ပါဝင်သည့် ကုန်အညွှန်းအမှတ်အသား များနှင့်ပတ်သက်၍ စားသုံးသူပြည်သူများပိုမိုသိရှိစေရန် ဆွေးနွေးပွဲကိုပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံဦးစည်သူက ကုန်စည်၏တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဥ် စသည့်စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)၏ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လိုအပ်ချက် အကြောင်းအရာများ၊ စီးပွားရေးလုပ်ငန်းရှင်များမှ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် လိုအပ်သည့်အချက်များ၊ ပစ္စည်းများခွဲခြား၍ သတ်မှတ်ထားမှုနှင့် ကုန်အညွှန်းအမှတ်အသားဆောင်ရွက်လျှင် ဆက်သွယ်ရမည့်အကြောင်းအရာများတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သားငယ် (ပြန်/ ဆက်)