ပြည်ကြီးတံခွန်မြို့နယ်၊ အထက (၃၉) တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ပြည်ကြီးတံခွန် ဇွန် ၁၆

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၃၉) အ‌ခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် အသိပညာ ပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊   ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က မူးယစ် ဆေးဝါး သုံးစွဲရခြင်းအကြောင်းအရင်းများနှင့် လူငယ်ထုနှင့် ဆေးလိပ်သောက်သုံးခြင်း အန္တရာယ်များကိုလည်းကောင်း၊  ဦးစီးအရာရှိဦးညိုထွန်း က လူငယ်ထုအတွင်း စိမ့်ဝင်ပျံ့နှံ့နေသည့် စိတ်ကြွဆေးပြားများကို  ရှောင်ရှားရမည့် နည်းလမ်းများကိုလည်းကောင်း၊    ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုက မူးယစ်ဆေးဝါးအဓိပ္ပါယ်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများနှင့် ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များကို အသီးသီး ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် မူးယစ်ဆေးဝါး အကြောင်း သိကောင်းစရာ နံရံကပ်စာစောင်များ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြင့်မြင့်သန်း