သံတွဲမြို့နယ်တွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

သံတွဲ ဇွန် ၁၆

သံတွဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်  အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းကို ယမန်နေ့  မွန်းလွဲ ၁ နာရီက အ.မ.က (ငပလီလမ်း) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများ၊  မူးယစ်ဆေးသုံးစွဲရသည့်အကြောင်းအရင်းများ၊ မူးယစ်ဆေးနှင့် ပတ်သက်၍ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များကို အသိပညာပေးရှင်းလင်းပြောကြားပြီး သံတွဲမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယလက်ထောက်ဦးစီးမှူး ဦးနေသူလှိုင်ဦးက ပလတ်စတစ်​​ညစ်ညမ်းမှုကြောင့် ဇီဝမျိုးစုံမျိုးကွဲနှင့် အဏ္ဏဝါဂေဟစနစ်ထိခိုက်မှုအကြောင်းကို ဆွေးနွေးဟောပြောခဲ့သည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်အား ပြသခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)