ပုဗ္ဗသီရိ ဇွန် ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် စျေးကြီးအတွင်း အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝေယံငြိမ်း၊ အဖွဲ့ဝင် ဗိုလ်မှူး သန်းနိုင်ကျော်၊ အဖွဲ့ဝင် ဦးသန်းငွေနှင့် အဖွဲ့များ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ ဒုတိယကြီးကြပ်ရေးမှူး ဒေါ်မေဦးခင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် ပုဗ္ဗသီရိမြို့နယ် စျေးကြီးအတွင်းရှိ ကုန်စုံဆိုင်များ၊ အစားအသောက်ရောင်းချသည့် ဆိုင်များ၊ ဟင်းသီးဟင်းရွက်ရောင်းချသည့် စျေးဆိုင်များအား ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်များ ရောင်းချခြင်း ရှိ၊ မရှိ၊ သစ်သီးဝလံများတွင် ဆိုးဆေးနှင့် ကြာရှည်ခံပစ္စည်းများ အသုံးပြုခြင်း ရှိ၊ မရှိ၊ သက်တမ်းလွန်ပစ္စည်းများ ရောင်းချမှု ရှိ၊ မရှိ စစ်ဆေးပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်များ ရောင်းချရန် အသိပညာပေးဆွေးနွေးကာ လက်ဖက်၊ မုန့်ဖတ်၊ မျှစ်ချဉ်၊ ခေါက်ဆွဲ၊ အရောင်တင်မှုန့်၊ ဂျင်းချဥ်၊ ပဲပြား၊ ငပိ၊ နနွင်းမှုန့်၊ သရက်ချဥ်၊ ကွမ်းသီးစိတ်၊ ချဥ်ဖတ် စသည့် အမျိုးအစား (၁၂) မျိုးတို့အား ကျန်းမာရေးနှင့်ညီညွတ်မှု ရှိ၊ မရှိ ဓါတ်ခွဲ စစ်ဆေးခဲ့သည်။
ထို့နောက် အစားအသောက်တွင် သုံးခွင့်မပြုသော ဆိုးဆေးများနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်နှင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သော ဓာတုကြာရှည်ခံ ဆေးများအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
လှိုင်မြင့်(ပြန်/ဆက်)