တပ်ကုန်းမြို့နယ် ဆရာစံရပ်ကွက်၊ အမှတ်(၂)အခြေခံပညာမူလွန်ကျောင်း လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

တပ်ကုန်း ဇွန် ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ များ အသိပညာဗဟုသုတပိုမိုဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဆရာစံရပ်ကွက်၊ အမှတ်(၂)အခြေခံပညာမူလွန်ကျောင်း၊ စာသင်ဆောင်တွင် ကျင်းပသည်။

အဆိုပါဟောပြောပွဲတွင် ဆရာစံရပ်ကွက်၊ အမှတ်(၂)အခြေခံပညာမူလွန်ကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်သန်းနုက အဖွင့်အမှာစကားပြောကြားပြီးနောက် တပ်ကုန်းမြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းအရင်းများ၊ မူးယစ်အန္တရာယ်ကင်းစင်ရေး ကျောင်းသားလူငယ်များ လိုက်နာရမည့် အချက်များ၊ မူးယစ်ဆေးဝါးကြောင့် ရုပ်ပိုင်းဆိုင်ရာ  စိတ်ပိုင်းဆိုင် ရာဆိုးကျိုးများ “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သက်နှင်းဦးက မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းအမျိုးမျိုး၊ မီးငြိမ်းသတ်နည်း များ၊ မီးသတ်ဆေးဗူး လက်တွေ့အသုံးပြုနည်းများ “မီးဘေးအန္တရာယ်ကင်းရှင်းရေး လူငယ်များလည်းပါဝင်ပေး” ခေါင်းစဉ်တို့ဖြင့် ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီးနောက် လူငယ်ရေးရာစာအုပ်ပြပွဲနှင့်မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ရာ  ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

တင်စိုးလွင်