လယ်ဝေး ဇွန် ၁၆
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက လယ်ဝေးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းမြင့်က အမှာစကား ပြောကြားသည်။ ထို့နောက် နေပြည်တော် မူးယစ်တပ်ဖွဲ့စု (၁၀၁)မှ ရဲမှူးခင်မောင်ဆွေမင်းက မူးယစ်ဆေးဝါးအမျိုးအစားများနှင့် မူးယစ်အန္တရာယ်များ၊ ယာဉ်ထိန်းတပ်ဖွဲ့မှ ဒုရဲမှူးအောင်ဝင်းစိုးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးအကြောင်းအရာများ၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် မူးယစ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေပြီး အသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲပြသရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)