မလှိုင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဒုတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေးများ အရှိန်အဟုန်မြှင့် ထိုးနှံလျက်ရှိ

မလှိုင်   ဇွန် ၁၃

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ပန်းအိုင်ကျေးရွာအုပ်စုရှိ သမိုင်းဝင်ပန်းအိုင် ရွှေမုဋ္ဌောဆုတောင်းပြည့်စေတီတော်မြတ်၊ မြောက်ဘက် အာရုဏ်ခံတန်းဆောင်း၌ ကိုဗစ်-၁၉ရောဂါ ဒုတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေးများကို ယနေ့နံနက်(၁၀)နာရီမှစတင်၍ ထိုးနှံလျက်ရှိ ကြောင်း သိရသည်။

မလှိုင်မြို့နယ်တွင် ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၂)အုပ်စု၊ ကျေးရွာ(၂၄၇)ရွာဖြင့် ဖွဲ့စည်းထားရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၃ခုနှစ်၊မေလစာရင်းအရ အသက်(၁၈) နှစ်ပြည့်ပြီး လူဦးရေမှာ (၁၂၄၈၉၀)ဦးရှိကြောင်း သိရသည်။ အဆိုပါ အသက်(၁၈)နှစ်ပြည့်ပြီး သူတို့အား ပထမအကြိမ် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပြီး (၆)လကြာပြီးနောက် ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးကို ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် လူဦးရေ(၆၆၈၀)ဦးအား ထိုးနှံပြီးဖြစ်သည်။

ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးကို ဒုတိယအကြိမ်အဖြစ်  မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်ဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇင်လတ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့မှ အကျုံးဝင်သူများဖြစ်သော အစိုးရကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့/ပရဟိတဝန်ထမ်းများ၊ ဘုန်းကြီးသီလရှင်ကျောင်းနှင့် သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊ အခြားဝင်ငွေရှိသောလုပ်ငန်းများ၊ စားသောက် ကုန်ပစ္စည်းရောင်းချသူများ၊ လက်ဖက်ရည်ဆိုင်စားသောက်ဆိုင်မှဝန်ထမ်းများ၊ မှီခိုသူတို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)