ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ပထမဆုံးအကြိမ် ၂၀၂၃ ခုနှစ်၊ မိုးရာသီ စုပေါင်း ဝါးစိုက်ပျိုးပွဲတော်နှင့် “ဖြိုးဝေဝေ” စက္ကူနှင့် စာအုပ်ထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်၏ တစ်ရှူးစက္ကူစက်နှင့် ပျော့ဖတ်လိုင်းစက်သစ်ဖွင့်ပွဲသို့ တက်ရောက်

မြစ်ကြီးနား ဇွန် ၁၅

ကချင်ပြည်နယ်အတွင်း ဝါးစိုက်ပျိုးမှုနှင့် ဝါးထုတ်ကုန်ပစ္စည်းများ ပိုမိုတိုးတက်မြှင့်မားစွာ ထုတ်လုပ်နိုင်ရေးအတွက် ပထမဆုံးအကြိမ်အဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၃ ခုနှစ် မိုးရာသီ စုပေါင်းဝါးစိုက်ပျိုးပွဲတော်ကို ဇွန် ၁၅ ရက် နံနက် ၇ နာရီခွဲက ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာ အုပ်စု၊ နန့်ဝါကြိုးသစ်တောကြိုးဝိုင်းအတွင်းရှိ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း၏ ဝူယန်ဝေယင်စိုက်ခင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

မိုးရာသီ ဝါးစိုက်ပျိုးပွဲတော်တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း ဆောင်ရွက်သူများ၊ လူမှုကူညီရေးအသင်းအဖွဲ့များက စိုက်ခင်းအတွင်းရှိ မြေဧရိယာ ၃.၇ ဧကပေါ်တွင် ဝါးပိုးဝါးအပင် (၂၀၀)ပင်၊ ဝါးဖြူ (၄၀၀)ပင်၊ မျှင်ဝါး၊ ရွှေဝါးနှင့် တစ်ပင်တိုင်ဝါး စုစုပေါင်း ဝါးအပင် ပေါက် ၆၀၀ ကျော်ကို စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဝါးစိုက်ပျိုး ပွဲတက်ရောက်စိုက်ပျိုးသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးကာ ဒေသအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆောင်ရွက်သူများအတွက် ‌ထောက်ပံ့ငွေကျပ်သိန်း (၃၀)ကို ထောက်ပံ့ပေးအပ် ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့စက်မှုဇုန်ရပ်ကွက်အတွင်း နိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၁၃၅ သန်းဖြင့် စက္ကူနှင့်စာအုပ်ထုတ်လုပ်ရေးသမဝါယမလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ဖြိုးဝေဝေစက္ကူနှင့် စာအုပ်ထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်၏ တစ်ရှူးစက္ကူစက်နှင့် ပျော့ဖတ်လိုင်းစက်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါ တစ်ရှူးစက္ကူစက်နှင့် ပျော့ဖတ်လိုင်းစက်ကို ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော် မင်းခိုင်၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စက်ဖွင့်ပွဲအခမ်း အနားကို ဆက်လက်ကျင်းပသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အနေဖြင့် နိုင်ငံ့တော်မှခွဲဝေရရှိသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်းနှင့် သမဝါယမလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ပြည်နယ်တွင်း ထုတ်ကုန်များတိုးမြှင့်ထုတ် လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုခွဲဝေရရှိသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံ ငွေထဲမှ ဖြိုးဝေဝေစက္ကူနှင့် စာအုပ်ထုတ်လုပ်ရေး သမဝါယမအသင်းအား လုပ်ငန်းကဏ္ဍတိုးမြှင့် ဆောင်ရွက် နိုင်ရန်အတွက် ငွေကျပ် ၁၃၅ သန်းကို ပံ့ပိုးထုတ်ချေးပေးခဲ့ရာ ယနေ့တစ်ရှူးစက္ကူနှင့် ပျော့ဖတ်လိုင်း စက်ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ မကြာမီ နှစ်ဘက်ချောစက္ကူစက်လည်း လည်ပတ် ဆောင်ရွက်နိုင် တော့မည်ဖြစ်သည့်အတွက် ပြည်နယ်တွင်း လိုအပ်လျက်ရှိသည့် ကျောင်းသုံး၊ ရုံးသုံးစက္ကူနှင့် စာအုပ်များကို ဖူလုံစွာရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့် ထုတ်လုပ်နိုင်ရေးအတွက် မိမိတို့အစိုးရအနေဖြင့် အားပေးကူညီထောက်ပံ့လျက်ရှိရာ လုပ်ငန်းများ ရေရှည်တည်တံ့အောင်မြင်အောင် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်း မှာကြားသည်။

ထို့နောက် ဖြိုးဝေဝေ စက္ကူနှင့်စာအုပ်ထုတ်လုပ်ရေး သမဝါယအသင်းလီမိတက်ဥက္ကဋ္ဌဦးဘင်ဂျမင်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်မှုအခြေအနေများ၊ နှစ်ဘက်ချောစက္ကူထုတ်လုပ်နိုင်ရေး စက်တပ်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ကျေးဇူးတင်စကားပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တစ်ရှူးစက္ကူစက်နှင့် ပျော့ဖတ်လိုင်းစက်အား မီးခလုတ် နှိပ်ဖွင့်လှစ်ပေးပြီး စက်ရုံအတွင်း တစ်ရှူးစက္ကူစက်အသစ် လည်ပတ်ထုတ်လုပ်နေမှု အခြေအနေများ၊ Paper Recycling နည်းစနစ်ဖြင့် စက္ကူစာရွက်ဟောင်း၊ စာရွက်အပိုင်းဖြတ်စများကို ပျော့ဖတ်လိုင်း စက်လည်ပတ်၍ ပျော့ဖတ်ပြုလုပ်နေမှု အခြေအနေများ၊ ထိုပျော့ဖတ်မှ တစ်ဆင့် စက္ကူ (အကြမ်း/ အချော)၊ တစ်ရှူးစက္ကူ၊ ကတ်ထူစက္ကူ၊ ဘားဖြူ/ဘားပြာစသည့်တို့ကို ထုတ်လုပ်လည်ပတ်နေမှု အခြေအနေများနှင့် ထုတ်ကုန်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)