မုံးကိုးမြို့ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် ဓာတ်ပုံပြပွဲဆောင်ရွက်

မုံးကိုး ဇွန် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ဒေသခံပြည်သူများအားလုံးကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြောင်းကို သိရှိနိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နေ့လည်(၃)နာရီအချိန်တွင် ပြည်သူများအတွက် မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များကိုလည်းကောင်း၊ မူးယစ်ဆေးဝါး၏ သမိုင်း၊ သုံးစွဲလာမှုအဆင့်ဆင့်ပြောင်းလဲလာခဲ့ပုံများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသောဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအမျိုးအစားများနှင့် ဆိုးကျိုးအန္တရာယ်များ ကိုဟောပြောပွဲနှင့် ဓာတ်ပုံပြပွဲများ ပြုလုပ်ပြသခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမုံးကိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးကိုယ်စား ဒေါ်လွေးအမ်ဆေး(ရုပ်/သံ-၃)က မူးယစ်ဆေးဝါးကိုသုံးစွဲမိပါက စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာထိခိုက်မှု၊ လူမှုရေးဆိုင်ရာထိခိုက်မှု၊ ရရှိလာမည့်ဆိုးကျိုးများစသည့် အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ဓာတ်ပုံပြပွဲများကိုလည်း ခင်းကျင်းပြသခဲ့ရာ ဒေသခံပြည်သူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရှိရသည်။

မေစံပယ်ဖူး(မုံးကိုး)