အလုံ ဇွန် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်တွင် ပြည်သူများ ခြင်ကြောင့်ဖြစ်ပေါ်တတ်သည့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီအချိန်က အလုံမြို့နယ်၊ စောနောက်ရပ်ကွက်၊ မိုးကောင်းသစ်ဆိပ်ဝင်းတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သော ဝန်ထမ်းများသည် အေးမေတ္တာပရဟိတအဖွဲ့နှင့် ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်များ၊ ရပ်ကွက် အတွင်းရှိ ရေစည်၊ ရေအိုး ရေကန်များအတွင်းသို့ အဘိတ်ဆေးခပ်ခြင်း၊ ဖုံး၊ သွန်၊ လဲစစ် ပြုလုပ်ခြင်းနှင့် သွေးလွန်တုပ်ကွေး ကျန်းမာရေးပညာပေးပိုစတာများနှင့် လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် သွေးလွန်တုပ်ကွေး ရောဂါကာကွယ် ရေးလုပ်ငန်းများကို စာသင်ကျောင်းများ၊ အများပြည်သူနေထိုင်သည့် ရပ်ကွက်များသို့ စဥ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်တင်ချို (ပြန်/ဆက်)