ပေါင် ဇွန် ၁၅
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပေါင်မြို့နယ် ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်း၍ ကမ္ဘာ့သွေးအလှူရှင်များနေ့ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက အသိပညာပေး (TALK SHOW) အစီအစဉ် ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေး သည်။
ထို့နောက် ပေါင်မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးအောင်မင်းနိုင်က ကြက်ခြေနီအသင်းခွဲအနေဖြင့် ယနေ့သည်သွေးအလှူရှင်နေ့ဖြစ်သည့်အတွက် ကြက်ခြေနီအသင်းသားများ၊ သွေးလှူဒါန်းမှု ပြုလုပ်နေပါကြောင်း၊ မည်သူမဆို အချိန်မရွေးနေရာမရွေး သွေးလှူဒါန်း နိုင်ပါကြောင်း ဆွေးနွေးသည်။
ဆက်လက်၍ ကြက်ခြေနီအသင်းခွဲဒုတပ်ခွဲမှူး ဒေါ်နှင်းအိဖွေးလွင်က သွေးအလှူရှင် စုဆောင်းရေးကို စည်းရုံးဆောင်ရွက်မှုများ သွေးသန့်သွေးအလှူရှင်ဖြစ်ဖို့ လိုက်နာနေထိုင်ရမည့်အရာများ၊ သွေးလှူဒါန်းမှုပြုလုပ်ရာတွင် လွဲမှားနေသည့် အယူအဆတွေရှိကြပါသည်။ (ဥပမာ)သွေးလှူခြင်းကြောင့် ဘယ်တော့မှ သွေးပေါင်မပြည့်တော့ပါဘူး၊ တက်တူးထိုးထားသူ သွေးလှူခွင့်မရှိတော့ဘူး စသည်ဖြင့်မှားယွင်းနေပါသည်။ ထိုသူများသည် သွေးလှူဒါန်းခွင့်ရှိပါကြောင်း သွေးလှူလို့မရတဲ့သူတွေကတော့ (ဥပမာ) သွေးကြောင့် ကူးစက်တက်သောရောဂါ ရှိတဲ့သူတွေ၊ သွေးမတိတ်တဲ့ရောဂါရှိသူများ၊ ပေါင်ချိန် (၁၀၀) အောက်ရှိသူများ သွေးလှူလို့မဖြစ်နိုင်ပါကြောင်းစသည့်အပြင် ပြည်သူများ သိသင့်သိထိုက်သော အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)